တယ်လီဖုန်းထဲက
ရယ်သံလွင်လွင်တွေ
ဖုန်းbillနဲ့အတူ
အငွေ့ပျံသွားပြီးတဲ့နောက်
ပျော်ရွှင်မှုတွေကို အောက်ဈေးနဲ့
ထုတ်ရောင်းပစ်လိုက်တယ်။
အခုဆို တစ်နေ့တစ်ခြား
ငါ့မှာအလွမ်းတွေ ကျိကျိတက်လာသလို
အိပ်မက်ထဲက
ဖုန်းမြည်သံတွေကြောင့်
တစ်ရေးနိုးတိုင်း ရေထထသောက်နေရတယ်။
silent လုပ်ထားတဲ့ ဖုန်းလေး
အသံတိတ် အိပ်မောကျနေချိန်
တစ်ချက်တစ်ချက်သင်းလာတဲ့
ညမွှေးပန်းရနံ့တွေက
အတိတ်မေ့နေသူကို
အိပ်မက်ထဲဆွဲခေါ်အသွား
အနှေးပြကွက်ဆန်ဆန်
အတိတ်တွေက
အဆက်အစပ်မဲ့စွာ
ဟိုတစ်ကွက် ဒီတစ်ကွက်
တဖျက်ဖျက်လက်လာတယ်။
ညနက်နက်မှာ
ငှက်တွေအုပ်စုဖွဲ့ပျံသွားတယ်
ဘာလို့ပျံတာလဲ လိုက်မေးကြည့်ပါလား
ခုပဲ နားထဲကြားလိုက်ရသလို
ရင်ဘတ်ထဲစူးနင့်လှိုက်တက်လာတယ်
မမေးဖြစ်ပေမယ့် အလိုလိုသိနေတယ်
ညမွှေးပန်းတွေလဲ ရနံ့ပျောက်တော့မယ်
viber က လက်သုံးတော် sticker တစ်ချို့ ခေါင်းထောင်ကြည့်နေတယ်။
တို့ထိဖို့ အင်အားမရှိတော့တာ သူတို့လေးတွေ မရိပ်ပါစေနဲ့။
ကိုနိုင်
3.4.2014 11:43 PM
No comments:
Post a Comment
ဖြစ်လာတဲ့ ခံစားချက်လေး နည်းနည်းဖြစ်ဖြစ် ရေးဖြစ်အောင် ရေးခဲ့ပါနော်